တကယ်တော့လည်း နီနီ သူ့ကို သနားမိတယ်။ သူတို့ခမျာ ယောက်ျားတွေ ထဲက ယောက်ျားပါပဲ။ သူများတွေလို ချစ်သူ ဘ၀ ပျော်ချင် မှာပေါ့။ ချစ်သူ လက်ကို တွဲပြီး အရပ် ရှစ်မျက်နှာ နေရာအနှံ လည်ချင်ရှာမှာပေါ့။ ကိုယ့်ချစ် သူ့ အပေါ် ယုယ ကြင်နာမှုတွေ အပြည့် အ၀ ပေးချင် ရှာမှာပေါ့။ ဒီလို မပေးနိုင်တဲ့ အတွက် မိန်းကလေး တစ် ယောက် စိတ်ပျက်ပြီး စွန့်ခွာသွားမှာကိုလည်း စိတ်ပူ နေရှာပြန်တယ်။ သူ့ ထက်စာရင် ပြည့်စုံမှုတွေ ပေးနိုင်မယ့် သူကို မရွေးချယ် လိုက်ပါနဲ့ လို့ မတား ရက်ပေမယ့် ထားသွားပါ လို့လည်းမစွန့်လွှတ် ရက် ဖူးတဲ့လေ။ ချစ်နိုင်တာ ချင်း တူပေမယ့် ပေးဆပ်တာချင်း ကွာခြားတဲ့ အခါ အနည်း နဲ့ အများ တော့ခံစား ကြရတာ ပါပဲ။ ဒါပေမယ့် နီနီ့ ချစ်သူဟာ စစ်သားပါ။
နှစ်ဆယ့်လေးနာရီ တာဝန်အပြည့် ရှိနေတဲ့ သူတစ်ယောက်မို့ သူများလို ချစ်သူအတွက် အချိန်များများ မပေးနိုင် တာကို နီနီ နားလည် တတ်ပါတယ်။ စစ်သား နှလုံးသား လည်း ချစ်တတ် ပါသေးတယ်။ ‘‘အခွင့်အရေး ဆိုတာ မရ သေးလို့ပါ နီနီ ရယ်’’ လို့ နှစ်သိမ့် တတ်တဲ့ ချစ်သူကို သနား နေမိတယ်။ အဲ့ဒီ အတွက်လည်း ကိုယ့်ကိုယ်ကို စိတ် မာအောင် လေ့ကျင့် ရမယ်လို့ နီနီ သိတတ်ခဲ့တယ်။
သူများတွေ လို ချစ်သူရင်ခွင်မှာ ပါအပ်ပြီး ငိုနေဖို့ နီနီ့ မှာအခွင့်အရေး မရှိ သလောက် နည်းပါးတယ်လေ။ ချစ်သူ ရင်ခွင်မှာ ချွဲနွဲ့နေဖို့၊ ချစ်သူ ပုခုံးကိုမှီပြီး ငိုရှိုက်နေဖို့ ချစ်သူရဲ့ ပုခုံးမှာ တာဝန် ဆိုတာကြီးက နီနီ့ ရှေ့မှာ အမြဲတမ်း အရင် ရောက်နေခဲ့တယ်။ သူများ တကာတွေ ချစ်သူသက်တမ်း တစ်နှစ်ြ ပည့်တို့၊ နှစ်နှစ် ပြည့်တို့မှာ တူတူ တွဲပြီး အမှတ်တရ တွေ့ဆုံ တတ်ကြပေမယ့် နီနီ့ ချစ်သူကတော့ နီနီ ဘယ်နေ့က သူ့ကို အဖြေ ပေးခဲ့လဲ ဆိုတာ တောင် အမှတ်ရ ပါ့မလား မသိ။ တစ်လ ပြည့်လည်း နီနီ တစ်ယောက်တည်း၊ ခြောက်လ ပြည့်လည်း နီနီ တစ်ယောက် တည်း ပါပဲ။ စစ်သား ချစ်သူ အသည်း နုပေမယ့် စိတ်တော့ မာမှ ရတော့မပေါ့။
တပ်မှာ နေရင်လည်း နေထိုင် ကောင်းပါရဲ့လား၊ အလုပ်တွေ ပဲများနေလားလို့ စိတ်ပူပြီး နီနီ တစ်ယောက် မနေ တတ် မထိုင်တတ် ဖြစ်ရတယ်။ ရှေ့တန်း သွားတယ်လို့ သတင်း ကြားမိရင်လည်း စိတ်ပူ ရပြန်တယ်။ ဘုရားမှာ ဆုတောင်း ရတာလည်း သူများတောင် အမြင်ကတ်ပါတယ်။ သူတို့ မှ မခံစားဖူးတာနော်။ ဘယ် နားလည်ကြမလဲ။ ယတြာတွေ ချေရတာလည်း စုံလို့ပါပဲ။ နီနီ့ ရင်ထဲက အပူကို ဘယ်သူမှ မသိနိုင်ကြဘူးလေ။ သည်းတယ်၊ ကဲတယ် လို့ ပြောခံရတဲ့အခါ နီနီ အပြော မခံချင်ပေမယ့် ခံရတယ်။
သူများတွေ ချစ်သူ ရှိလို့ ချစ်သူနဲ့ အမြဲ တတွဲတွဲ နေကြတိုင်း ချစ်သူ ရှိရက်နဲ့ နီနီ့ ချစ်သူဟာ ဘယ်သူလဲ ဆိုတာ တောင် ထုတ်ပြစရာ လူက ဘယ်နားက သွားဆွဲခေါ်ရမှန်း မသိတဲ့အခါ ယောက်ျားတစ်ယောက်က ခဏတာ အပျော် တွဲခဲ့ပြီး ခြေရာဖျောက်ခံ နေရတဲ့ မိန်းကလေး တစ်ယောက်လို့လည်း မြင်ကောင်း မြင်ကြတယ်။ သူ့ဆီက စာ မလာ၊ သတင်း မကြားတာ ကြာနေလို့ ကိုယ်က စိတ်ပူပြီး စုံစမ်း မိရင်လည်း မိန်းကလေး တစ်ယောက်က အရာရှိ တစ်ယောက်ကို ကောက်ကောက် ပါအောင် လိုက်နေရသလိုလည်း ပြောခံကောင်းခံရရဲ့။ ဪ….. စစ်သား ချစ်သူလေ။ အစက ဒီလိုတွေ မသိခဲ့ပါဘူး ချစ်သူရယ်။ နီနီ သိတာ သူ့ကိုချစ်တာ တစ်ခုတည်းပါပဲ။ သူ့ကို ချစ်တာ တစ်ခုတည်း အတွက် အစစ အရာရာ နီနီ ပေးဆပ်ထားရပြီ။
ချစ်သူ သက်တမ်း ခြောက်လတဲ့။ ဝေးရတဲ့ရက်တွေ ကြာရှည်တော့ နီးချင်ပြီ ချစ်သူရယ်။ လွမ်းရတယ်။ ဆွေးရ တယ်။ အားငယ်ရတယ် ။ မိန်းကလေး တစ်ယောက်အတွက် ကိုယ့်ချစ်သူ ကိုသာ အားကိုးချင်တာ သဘာဝ ပါပဲ။ ချစ်သူ အနားမှာ ဘယ်တော့မှ နေခွင့်ရနိုင်မလဲ။ ချစ်သူ အနားမှာ ချစ်သူကို ပြုစု ယုယရင်း ကြင်နာမှုတွေ ကို ပေးချင်ပါရဲ့။ ချစ်သူရဲ့ ချစ်ခင်ယုယ မှုတွေကို ရိုးသားစွာ တောင့်တမိပါရဲ့။ ချစ်သူ ရင်ခွင်မှာ ကလေးလေး တစ် ယောက်လို မှေးစက်ချင်ပါရဲ့။ ဘယ်တော့များမှ ဒီအခွင့်အရေးကို ရနိုင်ပါ့မလဲ။
ချစ်သူ သက်တမ်း ခြောက်လပြည့်မို့ အရင်နေ့တွေထက်ပိုပြီး သတိရနေမိမှာစိုးတာကြောင့် နီနီ အိပ်ယာ စောစော ၀င်ခဲ့ပေမယ့် အခုတော့ မနက်မိုးလင်း ခဲ့ပါပြီ။ ဘယ်တတ်နိုင်မလဲနော်။ မည်သူမပြု မိမိမှုပေါ့။ စစ်သား တစ်ယောက်ရဲ့ဘ၀ကိုချစ်သူ တစ်ယောက်အနေနဲ့ နီနီ နားလည်ပေးရမယ်။ စစ်သား တစ်ယောက်ရဲ့ ပါရမီ ဖြည့် ဖက် အဖြစ် ဂုဏ်ယူတတ်အောင် နီနီ လေ့ကျင့်ထားရမယ်။ အေးအတူ ပူအမျှ ခံစားနိုင်အောင် နီနီ အားမွေးထား ရမယ်။ ဒါပေမယ့် ချစ်သူရယ်…..အဲ့ဒီအတွက် ချစ်သူ မျက်နှာလေးကိုတော့ အားအင် အဖြစ် မြင်စမ်းချင်ပါရဲ့။
ညက အိပ်ရေးပျက် ထားတာကြောင့် ရုံးမသွားခင် ဘီစစ်တစ်လုံး သောက်လိုက်ပြီး ထမင်းချိုင့်ကို ဆွဲလို့ အိမ်ပေါ် က ဆင်းလိုက်တယ်။ အိမ်အ၀ အရောက် နားထဲကို ‘‘ကလင်…ကလင်’’ ဆိုပြီး မြည်လာတဲ့ ဖုန်းသံကြောင့် ခြေလှမ်းတွေ တုံ့ကနဲ ရပ်သွားပြီးနားစွင့် လိုက်မိတယ်။
‘‘နီနီရေ…..သမီးဖုန်းလာတယ်။ မသွားနဲ့ဦး။’’
မေမေ့အသံကိုကြားတော့ အပြေးတပိုင်း အိမ်ပေါ်ကို ပြေးတက်ခဲ့မိတယ်။ ခုက မူးချင်ချင် ဖြစ်နေတာတွေ ဘယ် ရောက် သွားပါလိမ့်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ဖုန်းကို ကသုတ်ကရက် ကောက်ကိုင် လိုက်တယ်။
‘‘xxxxxx’’
‘‘မောင်ရယ်…..ဘယ်ရောက် နေတာလဲဟင်…..နီနီ့ကို အကြာကြီး မပစ်ထား ပါနဲ့တော့။ မောင့်ကို တွေ့ချင်တယ် …..’’
ပြောရင်းနဲ့ နီနီ မထိန်းနိုင်ပဲ ငိုချ လိုက်မိပါတယ်။ စိတ်ထဲမှာ တင်းထားသမျှ ချစ်သူ အသံ ကြားရတဲ့ အခါ အားကိုး စိတ် နဲ့အတူ ၀မ်းနည်း သွားတတ်တာ မိန်းကလေး တွေရဲ့ မသိစိတ် မှာ ရှိနေတတ်တဲ့ အားငယ်မှု တစ်ခုပါပဲ။
ဒါပေမယ့် ဒီတစ်ခါ ကြားရတဲ့ ဖုန်းသံဟာ နီနီ့ အတွက်တော့ မင်္ဂလာသတင်း တစ်ခုပါ။ သူ တပ်ပြောင်း ရမယ် တဲ့ လေ။ အရင်လို အဝေးကြီး မှာ မနေ ရတော့ဘူး တဲ့။ မဟာသိပ္ပံ ဘွဲ့ရအထိ ပညာသင် သွားခဲ့ရပြီး ပြန်လာ ခဲ့ရတဲ့ အတွက် ပြင်ဦးလွင် စစ်တက္ကသိုလ် မှာ နည်းပြ အဖြစ်နဲ့ ပြောင်းလဲ တာဝန်ထမ်းဆောင် ရမယ်တဲ့။ တစ် လောက လုံးမေ့သွား လောက်အောင် နီနီ ပျော်ပါတယ် ချစ်သူရယ်။ ဘာပဲ ဖြစ်ဖြစ် အရင်လို ဝေးကွာနေမှာ မဟုတ်တော့ တာတော့ သေချာပါတယ်။ သူခွင့်မရလည်း ဘာအရေးလဲ နော်။ နီနီ လိုက်သွားမှာပေါ့။
ယောက်ျား တစ်ယောက် နောက်ကို ကောက်ကောက်ပါအောင် မနေနိုင်မထိုင်နိုင် နဲ့ လိုက်သွားမှာ မျိုးတော့ မဟုတ်ဘူးပေါ့။ နီနီ့ ချစ်သူက နှစ်ဆယ့်လေးနာရီ တာဝန်ချိန် အပြည့်ရှိနေတဲ့ စစ်သား တစ်ယောက်လေ။ ပျော်ရာမနေသာတဲ့ မင်းခယောက်ျား တစ်ယောက်ကို ချစ်ခဲ့တဲ့အတွက် ချစ်သူအနားမှာ နေနိုင်ဖို့ ကြိုးစားရခြင်း တစ်ခုရယ်သာ။
ချစ်သူရဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ မိန်းမလေးတစ်ယောက်အတွက် အရာရာကို ကျော်ဖြတ်ရဲတဲ့ အားအင် သတ္တိပါ ချစ်သူရယ်။ ခွဲနေရတဲ့ အချိန်တွေ မှာ ဘယ်လောက် လွမ်းရတယ်၊ ဆွေးရတယ်၊ ရင်မောရ တယ်၊ အား ငယ်ရတယ် ဆိုတာတွေကိုတော့ တွေ့တော့မှပဲ ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့လို့ အတိုးချပြီး ချွဲချွဲနွဲ့နွဲ့ ပြောပြချင် တယ် ချစ်သူမောင် စစ်သားကြီးရယ်…..။

No comments:
Post a Comment