ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

အတိတ်ကောင်း နိမိတ်ကောင်း

ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူအတော်များများကို လေလာကြည့်ပါ။ အတွေးအခေါ် များသည် လွန်စွာမှ ပေါကြောင်ကြောင်နိုင်လှ၏။ (ထိုလူများထဲမှာ သင်ကိုယ်တိုင် တောင်ပါချင်ပါနေလိမ့်ဦးမည်။) ကြည့်ပါလေ... လူတို့သည် ဘာမဆို မိမိကောင်းတယ်လိုထင်သော အရာမှန်သမျှကို ခပ်ပေါပေါ ခပ်ချောင်ချောင် ရလိုကြ၏။ နေရထိုင်ရတာကိုလည်း သက်သောင့်သက်သာ ခပ်ချောင်ချောင်ပင် နေလိုကြ၏။ ဒါပေမယ့်သူတို့ကိုယ်တိုင်ကိုတော့ ပေါနေပြီ၊ ချောင်နေပြီ ပြောတာကို မကြိုက်ကြကုန်။ မယုံလျှင် သင်နှင့်ရင်းနှီး ခင်မင်ပါသည်ဆိုသော သူဌေးတစ်ယောက်ကို “ခင်ဗျားကတော့ ရွှေမရှား ငွေမရှား ဘာမဆိုမရှားတဲ့ တကယ့်ငပေါကြီးပဲဗျာ”


ဟုသွားပြောကြည့်ပါလား။ ဒါမှမဟုတ် “ခင်ဗျားကတော့ ကျုပ်တို့လိုမဟုတ်ဘူးပဲ။ ဘာတစ်ခုမှ ကျပ်တည်းမှု မရှိဘူး။ အကျပ်သမား မဟုတ်တော့ ခင်ဗျားဟာ အချောင်သမားကြီးပေါ့နော်” စသည်ဖြင့် ပြောကြည့်လေ။ သင့်ကို တစ်စစီဆုတ်ဖြဲပစ်ချင်လောက်အောင် ဒေါသဖြစ်မှာသေချာသည်။ ထမရိုက်လျှင်ပဲ ကံကောင်းလှချေပြီ။
သေသေချာချာ စဉ်းစားလေ ရယ်ဖွယ်ကောင်းလေ ဖြစ်၏။ ကျွန်ုပ်တို့ လူမျိုးများသည် အထက်ပါစကားလုံးကို ဖော်ပြပြီးသကဲ့သို့ မကြိုက်ကြသော်လည်း တစ်ခါတစ်ရံ၌မူကား “ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်း” ဆိုပြီး ကြိုက်ကြကုန်ပြန်၏။ “အတိတ်တဘောင် နိမိတ်ကိုဆောင်၏” ၊ “ပညတ်သွားရာဓာတ်သက်ပါ၏” ဆိုပြီး ကြိုက်ကြပြန်၏။ ပညတ်သွားရာ ဓာတ်သက်ပါအောင်ပင် လူနာမည်တွေကို ကြီးပွါး၊ ချမ်းသာ၊ တိုးတက်၊ အောင်မြင်၊ စကြာဝဠာ စသည့်ဖြင့် မှည့်ကြကုန်၏။ မယုံမရှိနှင့် ဟိုစာရေးဆရာမလေး ဆိုလျှင် သူ့ဝတ္ထု ဇာတ်ကောင် နာမည်တွေကို အဏုမြူ၊ ဒုံးပျံ စသည်ဖြင့် မိန်းကလေးနာမည်တွေဆို ဂျူပီတာ၊ ယူရေးနပ်စ်၊ နျူးကလီးယား သည်ဖြင့်ပေးနေပြီ။ ထို့ကြောင့် ကျွန်ုပ်လည်း စဉ်းစားတွေးတောမိ သည်မှာ အဲဒီလို ပညတ်သွားရာ ဓာတ်သက်ပါအောင် နာမည် ပြောင်းမှည့်ကြလျှင် မကောင်းဘူးလား။ ဥပမာ “လူမင်း” ကို “နတ်မင်း”၊ “ရာဇာနေ၀င်း” ကို “စကြာဝတေး နေ၀င်း”၊ “ဂန္တ၀င်” အား “ပို့စ်မော်ဒန်”၊ “န၀ရတ်” အား “ဥစ္စာစောင့်သိုက်” စသည်ဖြင့်ပေါ့။
နောက်ထပ် လေ့လာမိတာ ရှိသေး၏။ ပညာရှင် “စူပါသော်ဒူ(စ်)” ဆိုသူ၏ လေ့လာတင်ပြချက်များမှ ကောက်နုတ်ဖော်ပြရသော် ကမ္ဘာ့ငွေကြေးစနစ် အခေါ်အဝေါ် ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သိုးဆောင်းတို့ သုံးစွဲသော “ပေါင်” ဆိုသည်မှာ အိတ်ဖောင်းနေစေရန် ရည်ရွယ်၍ “ဖောင်း” ဟု မှည့်ခေါ်ရာမှ စခဲ့သည်ဟူ၏။ အမေရိကန်တို့ သုံးစွဲသော “ဒေါ်လာ” ဆိုတာလည်း “ထောလာပြီ၊ ထောလာပြီ” ဟု နိမိတ်ပြရွတ်ဆိုရင်း “ထောလာ” မှ ဆင်းသက်ခဲ့သည် ဟူ၏။ အာရပ်ကုလားတို့သည်လည်း ရေနံရောင်း စားရာမှ ပိုက်ဆံတွေ ယူပြီးရင်းယူရင်း “ယူပြီး ယူပြီး” မှ “ရူပီး” ဖြစ်လာသည်ဟု ဆို၏။
ဒီလိုဆိုလျှင် ကျွန်ုပ်လည်း အတိတ်ကောင်း နိမိတ်ကောင်း တစ်ခုလောက် အကြံပေးချင်ပါ၏။ ကျွန်ုပ်တို့ သုံးစွဲနေသော ငွေကြေး စနစ်အား “ကျပ်” စနစ်မှ “ချောင်” စနစ်သို့ ပြောင်းလဲခေါ်ဝေါ် ကြည့်လျှင် မကောင်းပေးဘူးလား။ အတိတ်နိမိတ်ကောင်းယူလျှင် လူတွေသာ၍ ပို၍ “ချောင်လည်” လာကြပေလိမ့်မည်။ တစ်ကျပ် နှစ်ကျပ် အစား “တစ်ချောင်” “နှစ်ချောင်” ပြောင်းခေါ်လည်း အခေါ်မဆိုးလှပါဘူး။ အဲ တစ်ခု ပဲရှိသည်။ မိရိုးဖလာ သုံးစွဲနေကျ စကားလုံးအချို့ကိုတော့ စွန့်လွှတ် ပြင်ဆင်ရပေလိမ့်မည်။ ဥပမာ ကျပ်မပြည့်ဘူးဆိုသောစားကို ယခုလို ပြောင်းသုံးရပေမည်။ “သူတော်ဆိုတဲ့ ငနဲဟာ ချောင်မပြည့်ပါဘူးကွာ ဟူ၍ စဉ်းစားကြည့်ဖို့ ဖြစ်ပါ၏။”
အားနာပါ၏။……………သူတော်(ရယ်စရာမဂ္ဂဇင်းမှ...)

No comments:

Post a Comment