ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

ချစ်သမျှကို..... အပိုင်း(၂)

‘‘ပြောပါ ကိုချမ်ငြိမ်းရယ်။ နီနီ စိတ်ဝင်စားပါတယ်။ စစ်သားကို မုန်းတယ် ဆိုပေမယ့် လူနဲ့ပဲဆိုင်ပါတယ်။ စစ်သား တိုင်း မုန်းစရာ မကောင်းသလို မုန်းစရာ ကောင်းတဲ့ သူတွေတိုင်း ဟာလည်း စစ်သား မဟုတ်ကြပါဘူး။ လူတစ် ယောက်ရဲ့ အခြေခံ စိတ် သဘောထား နဲ့သာ ဆိုင်ပါတယ်။ စစ်သား ထဲမှာလည်း စိတ်သဘောထား ပြည့်ဝတဲ့ သူတွေ ရှိနိုင်မှာပါ။ အဲ့ဒီလူ ဘာဖြစ်တယ် ဆိုတာထက် အဲ့ဒီလူရဲ့စိတ်က ဘယ်လိုရှိတယ် ဆိုတာ ကိုသာ နီနီ စိတ် ၀င်စားပါတယ်။’’

နီနီ့စကားကို ကြားရတဲ့အခါ သူမျက်နှာဟာ ခုနကထက် ပိုပြီး လန်းလာတယ်လို့ ထင်ရပါတယ်။

‘‘ကျေးဇူး တင်ပါတယ် နီနီ။ တကယ်တော့ ကျွန်တော်က သေနတ်ထက် စာအုပ်တွေနဲ့ပဲ ရင်းနှီးတဲ့ စစ်သားပါ။ ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်တာ တစ်လတောင် မရှိသေးပါဘူး။ သုံးနှစ်လောက် ပညာတော်သင်သွားပြီး ပြန်လာတဲ့ စစ်သားတစ်ယောက် မိဘအိမ်ကို နှစ်ပတ်ခွင့်ပြန်ခဲ့ရတယ်။ အခုကျွန်တော် ပြန်ရတော့မယ် နီနီ။’’



သူနားမလည်စွား ပြန်ကြည့်တဲ့အခါ….. မြင်မိမှာပါ…..နီနီ့ မျက်ဝန်းက မျက်ရည်စတွေကိုလေ…..။

‘‘ရှင့်လိပ်စာ အပြည့်အစုံ နီနီ့ ကိုပေးထားခဲ့လို့မရဘူးလားဟင်။ နီနီ စားရေးပါ့မယ်။ ဖုန်းဆက်လို့ရရင်လည်း ဆက်မယ်လေ…..နော်။’’

သူမမျှော်လင့်ထားတဲ့ စကားမိုလို့လားတော့ မသိ။ ကြောင်သွားပြီးမှ ဘောပင်ကိုထုတ်ပြီး နီနီ့ မှတ်စုစာအုပ်လေး ထဲမှာ သေသေသပ်သပ် ရေးချပေးခဲ့ရဲ့။

ဗိုလ်ကြီးစစ်အေးချမ်းငြိမ်း
ကြည်း ၃၇xxx
ခ.လ.ရ (xxx)
ရှမ်းပြည်တောင်ပိုင်း
မိုင်းနော်မြို့။

‘‘အဲဒါကျွန်တော့် လိပ်စား အပြည်အစုံပါပဲ နီနီ။ ဖုန်းတော့ဆက်လို့ မရဘူး။ ကျွန်တော် အလျဉ်းသင့်တဲ့အခါ နီနီ့ဆီ ဖုန်းဆက်ပါ့မယ်။ စာကတော့ ရောက်တဲ့ အခါလည်း ရောက်တယ်။ တစ်ချို့လည်း ပျောက်တတ်တယ်။ သွားမယ် နော် နီနီ။ ကံမကုန်ရင် ပြန်ဆုံမှာပေါ့။’’

နှုတ်ဆက် ထွက်ခွါသွားတဲ့ သူကျောပြင်ကို ကြည့်ရင်း နီနီ တစ်ယောက် တွေဝေစွာ ကျန်ခဲ့တော့တယ်။ သံယော ဇဉ်ရယ်….. ဘာကြောင့်များ အချိန်တိုတို လေး အတွင်းမှာ ငြိတွယ် ခဲ့ရတာလဲ။ ဘာကြောင့်များ ကိုယ့် အနားမှာ အမြဲ မရှိနေနိုင်မယ့် သူကို သံယောဇဉ် တွယ်ရတာလဲ။ နီနီ ဘာမှ မတွေးတတ်ဘူး။ ရှင်းလည်း မရှင်းပြတတ်ဘူး။ စစ်သား ဆိုတာလည်း နီနီ့ ခေါင်းထဲမှာ မရှိဘူး။ နီနီ တစ်ခုပဲ သိတယ်။ အဲဒါက နီနီ သူ့ကို အမှန်တကယ် သံယော ဇဉ် တွယ်သွား မိတယ်။ နီနီ့ အနားမှာ သူ့ကို အမြဲ ရှိနေစေချင်တာ အရိုးသား ဆုံး စိတ်ကလေး တစ်ခုပါပဲ။ ပြန်ဆုံ နိုင်ဖို့ နီနီမျှော်လင့်နေပါတယ် ကိုချမ်ငြိမ်းရယ်…..။

ရက်တွေကို လက်ရေချိုးတော့ သူပြန်သွားတာ ဒီနေ့ဆိုရင် တစ်ပတ်ရှိပြီလို့ နီနီ တွေးမိတယ်။ နေ့တိုင်း ရုံးက ပြန် ချိန်မှာ ကိုယ့်ဘေးက လိုက်ပါနေ တတ်တဲ့ သူ့ကို သတိရ နေမိတယ်။ ဖုန်းသံ ကြားလိုက်တိုင်း သူများ ဖုန်းဆက် လေ မလားလို့ နီနီ မမျှော်လင့်မိတယ်။ နီနီ့ အဖြစ်က ရယ်ရမလို ငိုရမလိုပါပဲ။

မိန်းကလေး တစ်ယောက်ကို ခွဲခွာဖို့ ပြောတဲ့ အချိန်မှာ တစ်ခါတည်း ချစ်ခွင့်ပန်ခဲ့တဲ့ အဖြစ်အပျက်။ ကိုယ်က ပြန် ချစ်ချင်ရင်တောင် သူ့ကို လိုက်ရှာပြီး အဖြေပေးရမလို။ ဒါတောင် သူက ဘာမှ မတောင်းဆိုရဲ ပါဘူးလို့ ဆိုသေး တယ်။ သူများ တကာတွေ မိန်ကလေး တစ်ယောက် ကို ချစ်မိ ပြီဆိုရင် အဲ့ဒီ မိန်းကလေး ကို မျက်စိ အောက်က အပျောက် မခံပဲ ကြိုးစားပမ်းစား အဖြေရှာဖို့ ကြိုးစားကြတာ တွေ့ဖူးပါရဲ့။ ရုပ်ရှင်တွေ၊ စာအုပ်တွေမှာလည်း ဖတ် ဖူး ပါရဲ့။ အခုဟာက သမရိုးကျနဲ့တော့ နဲနဲ လွဲနေပြီလို့ နီနီ အောက်မေ့မိတယ်။ ဘယ်တတ်နိုင်မလဲ။ ချစ်မိ တာ ကိုး။ သူကမှ ဆက်သွယ်လို့ မရရင်တော့၊ ကိုယ်ကပဲ ဆက်သွယ် ရတော့မှာပေါ့လို့ ဖြေတွေးတွေး ရတယ် လေ။

ဒီလိုနဲ့ နှစ်ပတ် လောက်ကြာတော့ နီနီ စိတ်ကိုတင်းပြီး စာတစ်စောင် ရေးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ဆီကို တော့ ဒီစာလေး ရောက်လောက်မှာပါ လို့ မျှော်လင့်မိတယ်။ ပြန်စာကိုလည်း စောင့်နေရတာ အမောပေါ့။ တစ်ပတ် စောင့်တယ်။ ခရီးက ဝေးလွန်းတော့ ကြာနေတာ နေမှာပါလို့ ထင်ရတယ်။ နှစ်ပတ် နေတော့လည်း မျှော်ရတဲ့သူ သာမောတယ်။ အဆိုတော် ‘‘ထား’’ဆိုတဲ့ သီချင်း တစ်ပုဒ်လိုပေါ့။ စာချွန်တော် မောင်ကြီးရှင့် မေ့စာပါရဲ့လားလို့ မေးရမှာတောင် မရှက်နိုင်ပေါင်ရှင် ဆိုတာမျိုးလေး။ စာပို့သမားအိမ်ရှေ့ကဖြတ်တိုင်း ကိုယ့်နာမည်ခေါ်မလား လို့လည်တဆန့်ဆန့်နဲ့။ ကြာတော့ အိမ်က လူတွေကတောင် နီနီ တစ်ယောက် ဘယ်ကစာများမျှော်နေသလဲလို့ စိတ်ဝင်စား ကြပြီလေ။ ယောကျာ်း ကြိုက်တော့ ဆိုက်ဆိုက် လာတဲ့။ မိန်းမ ကြိုက်တော့ မျှော်လိုက်တာတဲ့။ တတ် နိုင်ဘူးလေ။ မျှော်ရမှာပဲ။

တစ်ရက်တော့ရုံးကအပြန် စာတိုက်ပုံးထဲမှာ နီနီ့နာမည်နဲ့လေးတစ်စောင် တွေ့တော့ ထခုန်မိမတတ် ပျော်လိုက်သည့်ဖြစ်ခြင်း။ အမော တကော ဖောက်ဖတ်ရတယ်။ စာထဲမှာတော့နီနီ့ကို သူအမြဲသတိရနေတဲ့ အကြောင်းတွေပေါ့။ နီနီရေးလိုက်တဲ့ စာက သူ့ဆီကိုသုံးပတ်လောက်နေမှ ရောက်တယ်တဲ့လေ။

သူ မအား တာရယ် ပြန်စာ ကြာတာရယ် ပေါင်းလိုက်ရင်….. စာတစ်စောင် နဲ့ တစ်စောင်ကြားမှာ နှစ်လလောက်တော့အနည်းဆုံး ကြာနိုင်တယ်။ နီနီစိတ်ပျက်မိတယ်။ သူများတွေများ ကိုယ်ချစ်နေတဲ့ မိန်းကလေး တစ်ယောက် ဆီမှာ အမှတ်တွေရဖို့ ၂၄ နာရီ ဂရုတစိုက်နဲ့ အရိပ်လို နေကြတာ။ သူ့မှာတော့ အမြဲတမ်း လွမ်းနေပါတယ် ဆိုတဲ့ စာလေးတောင် နှစ်လ လောက်နေမှ တစ်ခါ ရောက်ဖို့တောင် မလွယ်။ နီနီရယ် ဘာကြောင့်များ သူလို လူကို ရွေးချယ် မိပါလိမ့်နော်။

အချစ်ဆိုတာ ဝေးလေလေ ပိုချစ်လေလေ ဆိုပေမယ့် ဒီလိုဝေးနေတာ မျိုးတောလည်း နီနီ စိတ်ညစ်တယ်။ နီနီ လည်း မိန်ကလေး တစ်ယောက်ပါ။ ကိုယ့်ကို ချစ်ခွင့် ပန်ထားတဲ့ ယောကျာ်း တစ်ယောက်ရဲ့ ဂရုစိုက်မှု၊ အလိုက် သိတတ်မှုတွေတော့ နီနီ လိုချင်မိတယ်ဆိုတာ ၀န်ခံပါတယ်။ သူများတွေရုံးဆင်းတဲ့ အခါ ချစ်သူက ရုံးခြင်းလေးကို လာဆွဲပေးတတ်တာကို မြင်ရင် နီနီလည်း အဲ့ဒီလို ဂရုစိုက်မှုမျိုး လိုချင်မိတယ်။ နေမကောင်းလို့ သူများချစ်သူတွေ က ရုံးကို ဖုန်းတွေဆက်ပြီး နေကောင်း ရဲ့လား၊ ဆေးသောက်ပြီးပြီလား၊ ဘာစားပြီးပြီလဲ။ အဲဒီလို ယုယတာမျိုး နီနီ အားကျတယ်။ တစ်နေရာကို သွားရလို့ ချစ်သူက အဖော် လိုက်ပေးတဲ့ အခါတိုင်း သူတို့လို အဖော်ဆိုတာကို နီနီ တောင့်တတယ်။ အရေးအကြောင်း ရှိလို့ တိုင်ပင်ဖော် တိုင်ပင်ဖက် လိုအပ်လာတိုင်း နီနီ သူ့ကို သတိရတယ်။ အခုကျတော့ နီနီ တစ်ယောက်တည်း။

စစ်သား တစ်ယောက်ကို ချစ်မိခြင်းရဲ့ မိန်းကလေး တစ်ယောက်ရဲ့ အစမှာကတည်းက သာမာန်မိန်းကလေး တစ်ယောက်ထက် ပေးဆပ်မှု၊ သည်းခံ ခွင့်လွတ်မှု၊ နားလည်မှုတွေ လိုအပ်တယ် ဆိုတာကို နီနီ နားလည်ခဲ့တယ်။ ဒါပေမယ့် ချစ်တဲ့သူ အတွက်ဆိုရင် နီနီ နားလည်ပေးနိုင်မယ် လို့ မျှော်လင့် မိလို့ စာသုံးစောင်မြောက်မှာ ချစ်တုန့် ပြန် ခဲ့မိတယ်။ မမြင်ကွယ်ရာမှာ သူ ဘာတွေလုပ်နေမလဲ ကိုယ် မသိနိုင်ပေမယ့် ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ယုံ ကြည်ခဲ့တယ်။ ချစ်သူဘ၀ ပျော်ရွှင်မှုဆိုတာ နီနီ့ အတွက်တော့ စာလုံးလေးတွေ ပါပဲ။ ချစ်သူ အသံကို ကြားချင် လွန်း ရင်တောင် သူဖုန်းဆက်ပါမှ ကိုယ်က ကြားခဲ့ရတဲ့အဖြစ်။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘ၀တစ်သက်လုံး လက်တွဲရမယ့် ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အေးအတူ ပူအမျှတဲ့။ စစ်သားတစ်ယောက်ရဲ့ ချစ်သူ၊ နီနီ့ ဘ၀ကရော…..?

အရေး အကြောင်းဆိုရင် ချစ်သူဆိုတာ ဘယ်ရောက်လို့ ဘယ်ပျောက် နေမှန်းမသိ။ သင်တန်းတွေပဲ တက်နေရ သလား၊ ရှေ့တန်းပဲ ထွက်သွားပြီလား။ ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်း မသိရတဲ့ဘ၀။ ဘယ်နေ့ ဘယ်ရက်ဖုန်း ဆက်မလဲလို့လည်း အတိအကျ မပြောနိုင်။ ‘‘အဆင်ပြေသလိုပေါ့ နီနီရယ်၊ ဘာမှကြိုပြောလို့မရလို့ပါ’’ ဆိုတာနဲ့ပဲ နားလည်ပေးလိုက်ရတယ်လေ။ ရုံးက ပြန်လာရင် နီနီ့ဖုန်း လာသေးလားလို့ အိမ်ကလူတွေကို မေးရ တာလည်း ရှက်တောင် ရှက်ပါတယ်။ တစ်ခါတစ်လေတော့ အဒေါ် အပျိုကြီးတွေက ပြောတတ်သေးတယ်။ ‘‘ညည်း ကသာ ဖုန်းလာလားလို့ မျှော်နေတာပါအေ။ ညည်းလူကဖြင့် တစ်လနေလို့ တစ်ခါတောင် ဆက်တာ မဟုတ်’’ ဘူးတဲ့။ နီနီ ဘယ်လို ရှင်းပြရမလဲ။ ကိုယ်ကတော့ ချစ်သူမို့ အပြစ်မမြင်ပေမယ့်၊ နားလည် ပေမယ့် ပတ်ဝန်းကျင် ဆိုတာ သမ ရိုးကျပါပဲ ချစ်သူရယ်။

စစ်သားချစ်သူ ဆိုတာကို ဘယ်သူက နားလည် ပေးနိုင်မှာလဲ။ ပတ်ဝန်းကျင် ဘယ်လိုပြောပြော ချစ်သူက ကိုယ့် အပေါ် သစ္စာရှိရှိ ချစ်နေတယ်၊ သတိရနေတယ် ဆိုရင် ဘေးပယောဂတွေကိ နီနီ ရင်ဆိုင်ရဲပါတယ်လေ။ တစ်ခါ တစ်လေ မန္တလေးသွားမယ် လို့ ပြောသွားပြီး တောင်ကြီးရောက်ချင် ရောက်သွားတတ်တာ။ အမိန့်ပဲလေ။ ‘‘မင်းခယောကျာ်း၊ ကမ်းနားသစ်ပင်’’ ထားရာနေ၊ စေရာသွား ပါတဲ့။ ချစ်သူဆိုပြီး သူ့ လက်ကလေးတွေတောင် ကိုင်ဖူးဖို့မပြောနဲ့၊ ချစ်သူ အသားဖြူနေလား၊ မဲနေလားတောင် နီနီ သေချာ မမြင်ရသေးတဲ့ဘ၀ပါ။ ချစ်မိမှတော့ သက်ဆုံးတိုင်ပေါ့ ချစ်သူရယ်။ စစ်သားချစ်သူ မို့ ပေဖူးကို ဆီမလူးနိုင်ပါလို့ ပဲပြောပြီး ဂုဏ်ယူတတ်အောင်ပဲ လေ့ကျင့်ထားလိုက် ပါတော့မယ်။



No comments:

Post a Comment