ချောက်…..ချက်…..ချောက်…..ချက်…..
တိတ်ဆိတ်လွန်းနေတဲ့ ညအချိန်မှာ နာရီလက်တံ ရွေ့သံလေးက နားထဲကို ထိုးဖောက်ဝင်ရောက်လာပါတယ်။ အိပ်ယာ ပေါ်မှာ လူးလွန့်နေရင်းက အနေသာတော့ပဲ နာရီထကြည့်တော့ မနက် ၁း၃၀ ရှိပြီ။ နီနီ အိပ်ယာ ၀င်ခဲ့ တာ ည ၉း၀၀ ကတည်းကပါ။ ဒါပေမယ့် အခုထိအိပ်မပျော်နိုင်သေးဘူး။ တစ်အိမ်လုံးလည်း အိပ်ကုန်ကြပြီအထူး သဖြင့် ဒီနေ့လိုရက်မျိုးမှာ ညအချိန်တွေကို ဖြတ်သန်းရမှာကြောက်လို့ စောစောအိပ်ယာဝင် ပါတယ်ဆို မှ အိပ်လို့ က မရ။ ဘယ်လိုလုပ်ပါ့မလဲ။ အိပ်ဆေးသောက်လို့ ကလည်းမဖြစ်ပြန်ဘူး။ မနက်မနိုးပဲနေရင် ရုံးချိန်မမီပဲ နေဦး မယ်။ မောပန်းသောစိတ်နဲ့အတူ လေတွဲသော သက်ပြင်းတစ်ချက်ကို ရှိုက်မိတယ်။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ် လာဦးမှာလဲ။ ချစ်သူရယ်…..နီနီ့ကို လာကြည့်လှည့်ပါဦး…..
အဲ့ဒီနေ့ညနေက နီနီတစ်ယောက် အရင်နေ့တွေကလိုပဲ စာအုပ်ဆိုင်မှာ စာအုပ် သွားငှားပြီး ပြန်အလာ လမ်းလေးခွ ဆုံတစ်နေရာကို ရောက်တော့ ညာဘက်လမ်းမကြီး ကနေ ချိုးကွေ့လာတဲ့ ကာတစ်စီးကို လန့်ပြီး ရှောင်မလို့ ဘယ်ဘက်ကို ပြေးကပ်လိုက်တဲ့ အခါမှာ မထင်မှတ်ပဲ အနောက်က ပါလာတဲ့ စက်ဘီးနဲ့တိုက်မိမလို ဖြစ်သွားခဲ့တယ်။ တော်သေးတာပေါ့။ စက်ဘီးက ဘရိတ်အုပ်တာ မြန်လို့။ မဟုတ်ရင် အဲ့ဒီ နေ့က နီနီ ဆေးခန်း ရောက် မှာ သေချာပါတယ် ။ လန့်ကလည်းလန့်၊ ရှက်ကလည်းရှက်နဲ့ စက်ဘီးစီးလာတဲ့သူ့ကို လည်း ပြန်ရန်တွေ့ မိသေးတယ်။
‘‘စက်ဘီးကို ဘယ်လို စီးနေတာလဲ။ လူ တစ်ယောက်လုံးကို မမြင်ဘူးလား။ တိုက်မိရင်တော့ ရှင်မလွယ်ဘူးမှတ်။’’
‘‘မတော်လို့ပါကွာ။ မင်းဒီဘက်ကို ပြေးကပ်မယ်လို့ ကိုယ်မထင်လို့ပါ။ ထိခိုက် မိတယ်ဆိုရင် စောရီးပါနော်။ လမ်ကော လျှောက်နိုင်ရဲ့လား၊ လိုက်ပို့ပေးရမလား၊ အားမနာပါနဲ့၊ ကျွန်တော်ခင် တတ်ပါတယ်။’’
နီနီက ရန်တွေ့ပေမယ့် သူကတော့ အေးဆေး တည်ငြိမ်စွာပဲ ဖျောင်းဖျ ပြောဆိုခဲ့တယ်။ ကိုယ်ကလည်း မှားနေ တာရယ်၊ ဘာမှလည်း ထိခိုက် သွားတာ မဟုတ်လို့ နီနီလည်း ပြန်ပြီး ကျေအေးလိုက် ရတာပေါ့။
‘‘ရပါတယ်။ ဘာမှထိသွားတာမှ မဟုတ်တာ။ နီနီကိုယ့်ဟာကိုယ် ပြန်လို့ရပါတယ်။ သွားလိုက်ပါဦးမယ်နော်။’’
‘‘ဪ….. ဟုတ်ကဲ့။ နာမည်က နီနီတဲ့လား။ ကျွန်တော် မှတ်ထားလိုက်မယ်နော်။ ကျွန်တော့်နာမည်က ချမ်းငြိမ်းပါ။ နောက်လည်း တွေ့ရင်ခေါ်နိုင်ပါတယ် ခင်ဗျ။’’
ဘာမှတောင် မပြောရသေးဘူး။ သူ့ဟာသူ ပြောချင်ရာပြောပြီး မိတ်ဆက် နေတဲ့ သူ့ကို ဘာမှပြန်မပြော မိတော့ပဲ ပြုံးပြလို့သာ ထွက်လာခဲ့မိတယ်။ သူ့ပုံစံက အသက်တော့ သိပ်ကြီးပုံ မပေါ်ဘူး။ နီနီနဲ့ ရွယ်တူ လောက်ပဲ ရှိမယ် ထင် ပါရဲ့။ ပုံစံကတော့ ရည်ရည် မွန်မွန်လေးပါပဲ။ နီနီ အိမ်ပြန်ရောက်တဲ့အထိ သူ့ရဲ့အပြုံးကို မျက်လုံးထဲ မှာစွဲ လာခဲ့တယ်။ ချမ်းငြိမ်းတဲ့လား၊ တကယ်ပဲ သူ့ရဲ့အပြုံးက ငြိမ်းချမ်း စေပါတယ်။
တစ်ခါကြည့် မိယုံနဲ့ မျက်လုံးထဲမှာ စွဲသွားစေတဲ့ သူ့ရဲ့ အပြစ်ကင်းတဲ့အပြုံး သိမ်မွေ့တဲ့ အမူအရာ၊ နူးညံ့တဲ့ စကားသံတွေကို နီနီဆိုတဲ့ ကောင်မလေး တစ်ယောက် မှတ်မှတ် ရရတော့ ရှိခဲ့တယ်ဆိုတာတော့ ၀န်ခံမိပါတယ်။ အိမ်ပြန်ရောက် တော့လည်း ခုနက အဖြစ် အပျက်လေးတွေကို မေ့ပြီး ငှားလာတဲ့ စာအုပ်ကို စိတ်ဝင်တစား ဖတ်မိတယ်။ ပုညခင် ရဲ့ ချစ်သူရှိတဲ့မိန်းမ တဲ့။ သူရှိတဲ့ မိန်းမ တစ်ယောက်ရဲ့ ချစ်သူနဲ့ ပတ်သက်ပြီး စိတ်ထဲက ခံစားချက်တွေ၊ ဖြစ်တတ်တဲ့ သဘာဝတွေကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းလေးမှာမျောပြီး အိပ်ပျော်သွား လိုက်တာ နိုးတဲ့အခါ နာရီကို ကြည့်မိတော့ မနက် ၇း၃၀ တောင် ရှိပါပေါ့။ အိပ်ယာထဲ က ထလို့ မီးဖိုချောင်ထဲ မှာ မေမေများ ရှိနေလို့ လိုက်ရှာ တော့လည်း တစ်အိမ်လုံး ဘယ်သူမှ မတွေ့။ ဒါဆိုရင်သေချာပါပြီ ဆောင်းတွင်း မနက်စောစော လမ်းလျှောက်ထွက်ကြတာ ပြန်မရောက် ကြသေးတာ ဖြစ်မှာပေါ့လို့ တွေးပြီး ချမ်းချမ်းနဲ့ ဖို့ အိပ်ယာထဲ ကိုပြန်အ၀င် အိမ်ရှေ့က လူခေါခေါင်းလောင်း မြည်သံ ကြားလို့ ထွက် ကြည့်မိလိုက်တဲ့အခါ နီနီ မျက်လုံးလေးတွေ ၀ိုင်းစက်သွား ရတယ် လေ။
‘‘ဘာကိစ္စများရှိပါသလဲရှင့်’’
နီနီ့ အမေးကိုဖြေဖို့ မျက်လုံးလှန်အကြည့်မှာ သူလဲ အံ့ဩသွားမယ် ထင်ပါတယ်။ ခဏကြာ မှင်သက်နေပြီးမှ ရယ်ပြီး စကားပြန်ပြောတော့တယ်။
‘‘ ဟာ…..နီနီ မဟုတ်လား။ ကျွန်တော်ချမ်ငြိမ်းလေ။ မနေ့က စက်ဘီးနဲ့ တိုက်မိမလို ဖြစ်တာ။ တိုက်ဆိုင် လိုက်တာ ဗျာ။ ကျွန်တော်က ဟိုဘက်ရပ်ကွက်မှာ နေတာပါ။ မေမေ သဇင်ပန်းလိုချင်တာ။ ဒီမှာရတယ် ဆိုပြီးညွှန်တဲ့ သူက ညွှန်တာနဲ့ ကျွန်တော် မနက်စောစောက စက်ဘီး စီးပြီး အပြန်ဝင်မေးကြည့်တာပါ။ ဟိုလေ…..ဟုတ်ရော ဟုတ်ရဲ့ လား မသိဘူးနော်။ ကျွန်တော် အိမ်များမှားနေသလားဟင်။’’
ကိုယ်တော်ချောကတော့ လုပ်ပြန်ပါပြီ သူပြောချင်ရာကို ပြောပြီးမှ အားနာတဲ့ ပုံစံနဲ့ အိမ်မှားသလားတဲ့။ စောစော စီးစီး အိပ်ချင်မူးတူးနဲ့ နီနီတောင် မျက်လုံးကျယ်သွားတယ်။
‘‘မှားတော့မမှားဘူး။ ဒီအိမ်က သဇင်ပန်း ၀ယ်ချင်ရင်တော့ ရောင်းတယ် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် အခုတော့ မရဘူး။ အိမ်မျာ မေမေမရှိဘူး။ နီနီ့ မေမေက ပန်းပင်တွေကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါတယ်။ ဘယ် သူမှ ပေးကိုင်လေ့မရှိပါဘူး။ လက်ဆိပ်တက်မှာ စိုးလို့ပါ။ အဲ့ဒါကြောင့် စောင့်လို့ရရင်စောင့်ပါ။ ခဏ နေရင်တော့ ပြန် လာလိမ့်မယ်။ မစောင့်နိုင်ရင်လည်း ညနေမှ ဖြစ်ဖြစ် လာခဲ့ပေါ့။ မေမေ့ကို ပြောထားပေးပါ့မယ်။’’
နီနီလည်း ဘယ်ရမလဲ။ ပြောချင်ရာတွေ တရစပ်ပြောလိုက်တာပေါ့။ ဒီတော့မှ သူလည်း ဟုတ်ကဲ့ စောင့်ပါ့မယ် ဆိုပြီး ငြိမ်သွားတော့တယ်။ သူရှိနေတော့ နီနီ ပြန်အိပ်လို့မရတဲ့အတွက် စိတ်တော့ ကသိကအောက် ဖြစ်ရ တယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဧည့်ခံရမှာက ကိုယ့်တာဝန်ဖြစ်နေပြီ။ ဒီတော့လည်း မျက်နှာသစ်ဖို့ ခဏလို့ပြောပြီး သူ့ကို ခြံထဲမှာ ထားခဲ့ပြီး အိမ်နောက်ထဲ မြန်မြန်ဝင်ခဲ့မိတယ်။
နီနီပြန်လာတော့ သူက ပန်းပင် တွေ ကြားထဲမှာ။ သူ့ကို ကြည့်လိုက်ရင်တော့ အမြဲပြုံးနေတာပါပဲ။ သေချာစကား ပြောမိတော့လည်း သူက သဘောကောင်းသား စကားပြောပြီး နည်းနည်း အရှိန်ရလာတော့ နီနီလည်း မိန်းကလေး သဘာဝ စပ်စု မိတာပေါ့။
‘‘ကိုချမ်ငြိမ်းက အရင်က ဘယ်မှာနေတာလဲ။ နီနီတို့ ဒီအိမ်ကိုပြောင်းလာတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ ကိုချမ်းငြိမ်း နဲ့ တစ်ခါမှ မဆုံးဖြစ်ဘူးနော်။ အခုမှဆုံတာ။’’
နီနီကစကားစပေးလိုက်တယ်။
‘‘ဪ…..ဟုတ်တယ် နီနီ။ ကျွန်တော် ဖေဖေနဲ့မေမေ ကတော့ ဒီမှာနေတာကြာပါပြီ။ ကျွန်တော်ကတော့ အခုမှ ပဲ အိမ်ပြန်ရတယ် ဆိုပါတော့ ဗျာ…..ဟဲဟဲ’’
ရယ်ကျဲကျဲနဲ့ သူ့ အမူအရာက တစ်ခုခုကို ထိန်ချန်ထား သလိုလို။ နီနီလည်း သိချင်စိတ် တော်တော်ပေါက်သွား တော့ ဆက်မေးမိတာပေါ့။
‘‘ဟင်…..ကိုချမ်းငြိမ်းက အရင် မိဘနဲ့အတူမနေလို့လား။ ဒါဆိုဘယ်မှာ နေတာလဲဟင်။’’
‘‘ကျွန်တော်က တပ်ထဲမှာနေရတာပေါ့ နီနီရယ်။ ကျွန်တော်က စစ်သားလေ။ တစ်နှစ်နေလို့မှ အိမ်ကို တစ်ခါပြန်မရောက် နိုင်တဲ့ စစ်သားဘ၀ပါခင်ဗျာ။’’
‘‘ဪ…..ရှင်ကစစ်သားကိုး…..’’
နီနီ ဘာမှ ဆက်မမေးရသေးခင် မေမေပြန်ရောက်လာတာနဲ့ စကားစပြတ်ပြီး အိမ်ထဲဝင်လာခဲ့တယ်။ မေမေ ကတော့ သူ့ကိုစိတ်တိုင်းကျ သဇင်ခက်လေးတွေကို ဖြတ်ပေးနေလေရဲ့။ နီနီမြင်ဖူးတဲ့ စစ်သားတွေထဲ မှာတော့ သူ့ကိုကြည့်ရတာ တော်တော်နုပုံရတယ်။ ပုံစံက ဖြူဖြူသန့်သန့်လေးနဲ့။ စစ်သားတဲ့…..ဘယ်လို စစ်သား ပါလိမ့် နော်။ စစ်သားတစ်ယောက်ကို ရုပ်ရှင်တွေထဲမှာက လွဲလို့ အနီးကပ်မြင်ဖူးတာဆိုလို့ ဒါဟာ ပထမဆုံး အကြိမ် ပါပဲ။ ဒီလောက် နုတဲ့လူက စစ်သားတဲ့။ အပြော အဆိုကလည်းနုပါ့။ အရပ်အမောင်းကတော့ ကျားကျားလျားလျား ပုံပဲ။ သူ…..ဘယ်လိုလူလဲ။
နေနီနီ ဆိုတဲ့ အင်ဂျင်နီယာမလေး တစ်ယောက် တစ်သက်လုံး စားကြမ်းပိုး လုပ်ခဲ့တာ ယောကျာ်း တစ်ယောက် ကို ဒီတစ်ခါလောက် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲဖူးပါဘူး။ ယောကျာ်း တစ်ယောက် အပြင် သူကများ သူကိုယ် သူ စစ်သားတဲ့လေ။ စစ်သားဆိုတဲ့ လူကလည်း နီနီမြင်လိုက်ရင်တော့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ ချည်း ပဲ။ ဘယ်လိုပါလိမ့်။ ဟင်း…..မတွေးတော့တာပဲ ကောင်းပါတယ်။ သူများအကြောင်း တွေးရတာ အကုသိုလ် ကလည်းများပါတယ်။
သဇင်ပန်းလာဝယ်တဲ့ နေကစလို့ နီနီနဲ့သူ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးခင်မင်ခဲ့ကြတယ်။ နှစ်ရက် သုံးရက် လောက် နီနီရုံးပြန်ချိန်မှာ လမ်းမှာတွေ့တွေ့ နေရတတ်တော့ ခင်လည်းခင်လာတဲ့အခါ ဆုံလို့ ပြုံးပြ နှုတ်ဆက် တာမျိုး မဟုတ်တော့ပဲ နီနီ့ အိမ်အထိပါ သူလိုက်ပို့တတ် လာခဲ့တယ်။ ဘယ်ဘ၀က ရေစက်ရယ်တော့ နီနီ မပြော တတ် ပေမယ့် နီနီသူ့ကို တကယ် ခင်ပါတယ်။ ငယ်ပေါင်းကြီးဖော်လိုကို စိတ်ထဲက ခံစားရတယ်။ သူအနားမှာ ရှိနေ ရင်ကို နီနီ့စိတ်ထဲမှာ ပျော်နေမိတယ်။ ဒါပေမယ့် နီနီ့ အနားမှာ သူကြာကြာ မနေနိုင်ပါဘူး။ နှစ်ပတ်လောက် ကြာပြီးတဲ့ နေ့မှာတော့ နီနီ့ကို အိမ်အပြန်လိုက်ပို့ တဲ့အခါ စကားတစ်ခုကို သူပြောခဲ့တယ်။
‘‘နီနီ…..ခဏလောက်စကားအေးအေးဆေးဆေး ပြောလို့ရမလားဟင်…..’’
သူမျက်နှာကို သေချာကြည့်တော့ ပါစပ်ကမပွင့်တပွင့်၊ အမှားလုပ်ထားတဲ့ ကလေးငယ်လို ထိတ်လန့်ခြင်းနဲ့ နီနီ့ ရှေ့မှာ ရပ်နေတဲ့သူ့ကို အားမရစွာနဲ့ နီနီကပဲ စမေးမိတယ်။ ဟင်း…..စစ်သားတဲ့နော်၊ ဘယ်လိုပါလိမ့်…..
‘‘ကိုချမ်းငြိမ်း…..ရှင် ဘာပြောမလလို့လဲဟင်။ ဘာဖြစ်လို့လဲ။’’
‘‘ကျွန်တော် တပ်ကို ပြန်ရတော့မယ် နီနီ…..အဲ့ဒါပြောမလို့ပါ။’’
‘‘ဟင်…..’’
နီနီ့နားထဲမှာ မိုးကြိုးပစ်လိုက် သလိုပါပဲ။ နီနီ အဆင်သင့် မဖြစ်သေးဘူးလေ။ ဒီလိုစကားမျိုးကြားရမယ်လို့ သိနေ ခဲ့ပေမယ့် ဒီလောက် မြန်မြန်ကြီး မဖြစ်နိုင်ဘူးလို့ထင် ခဲ့မိတာ။ သူအိမ်ကို ပြန်လာတာ ကလည်း နှစ်ပတ်ပဲ ရှိသေး တာတဲ့။ ဘယ်လိုဖြစ် လို့ပါလိမ့်။ နီနီဘာမှ နားမလည် နိုင်ပါဘူး။ နီနီကတော့ သူ့ကို မသွားစေချင် သေးတာ အမှန်ပါပဲ။
‘‘ဘာလို့လဲဟင်…..အရေးကြီးလို့ ပြန်ခေါ်တာလား။ ဟုတ်လား။ ဘယ်တော့ ပြန်ရမှာလဲ။’’
သိချင်ဇောနဲ့ အမောတကော မေးမိတယ်။
‘‘မဟုတ်ဘူးနီနီ။ ကျွန်တော်တို့ ဘ၀ကို နီနီနားလည်းမှာ မဟုတ်ပါဘူး။ နီနီက ကျွန်တော့်ကို ခင်နေတယ်ဆိုတာ လူကိုခင်နေတာပါ။ တကယ်တော့ စစ်သားကို ချစ်တဲ့သူရှိတယ်၊ မုန်းတဲ့သူရှိတယ်။ ကျွန်တော်ကြုံဖူး သလောက် ကတော့ မုန်းတဲ့သူပိုများမယ်ထင်တယ်။ ကျွန်တော်လည်း စစ်သားပဲ။ နီနီ မုန်းချင်လည်း မုန်းခဲ့ မှာပေါ့။ ဒါ့ကြောင့် လည်း ကျွန်တော့် အကြောင်းကို စစ်သားဆိုတာကလွဲလို့ ဘာမှမပြောပြခဲ့မိတာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် မပြောမဖြစ် ပြောပြပါ့မယ် နီနီ။ နီနီစိတ်ဝင်စားမယ်ဆိုရင်ပေါ့။’’

ဒီ Post လေးကိုတော့ ကျွန်တော်တို့အမကြီး ‘‘မလွမ်းသုရင်’’ ကိုယ်တိုင်ခံစားရေးဖွဲ့ထားတာပါ :)
No comments:
Post a Comment