ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

ကြယ်တွေကြွေသည့်ည

ဒီ Post လေးကို သဘောကျ နေတာကြာပါပြီ ရေးထားတာ ခဏခဏ ပျောက်ပျောက်သွားလို့ အခုတော့ ရေးပြီး ပြီးချင်း တင်ထား လိုက် တော့တယ် ဖတ်ကြည့် စေချင်ပါတယ် သုတရော၊ ရသပါ ပါဝင်တဲ့ ပေါ့ပေါ့ပါးပါး ဘာသာ ပြန် ဆောင်းပါးလေးတစ်ပုဒ်ပါ-

နွေရာသီ ညတစ်ည ကလေးငယ်တစ်ယောက်သည် ပင်လယ် ကမ်းခြေရှိ အိမ်ငယ် တစ်လုံးတွင် အိပ်မောကျနေသည်။ ထိုအချိန်တွင်ပင် သူ့ကို အိပ်ရာမှ မယူလိုက်သလို ခံစားရသည်။ ညဥ့်နက်လှပါပြီတော်ဟု ညည်းညည်းညူညူနှင့် အမေက ပြောလိုက်သံကိုလည်းကောင်း၊ အဖေ၏ ရယ်မောသံကိုလည်းကောင်း၊ အိပ်ချင်မူးတူးနှင့် ကြားလိုက်သည်။ ထိုနောက် အဖေ့ လက်မောင်းများပေါ် ပါသွား၏။ စိတ်ထဲမှာတော့ အိပ်မက်များ မက်နေသလိုမျိုး၊ အဖေက အိမ်ဝင်ပေါက် လှေကားများအတိုင်း ဆင်ပြီး ကမ်းခြေသဲသောင်ပြင်သို့ ပွေ့ခေါ်သွားသည်။

ဦးခေါင်းထက်က ကောင်းကင်ကြီးပြင်ကြီးကို ကား ကြယ်တာရာတို့ဖြင့် လင်းလက်တောက်ပနေသည်။ ‘စောင့်ကြည့်နေ’ ဟု အဖေလုပ်သူက ပြောသည်။ ယင်းသို့ ပြောလိုက်ချိန်မှာပင် ကြယ်တစ်လုံးသည် ကြွေကျသွားပါ၏။ ရွှေရောင် မီးတန်းတစ်ခုကို ဖြစ်ပေါ်စေလျှက် ကောင်းကင် ပြင်ကို ဖြတ်သန်းလင်းလက်သွားသည်။ ကလေးငယ်ကား တအံ့တဩ ငေးကြည့်လျက်။ သို့သော် အံ့ဩ၍ မဆုံးခင် နောက်ထပ် ကြယ်တစ်လုံး ထပ်ကြွေပြန်သည်။ တစ်လုံးပြီးတစ်လုံး အဆုံးမသတ်အောင်ပင် ကြယ်များစွာသည်း မလှိုင်ထနေသော ပင်လယ်ပြင်အတွင်း သက်ဆင်း နေကြပါသည်။ ‘ဒါ ဘာတွေလဲ ဖေဖေ’ ဟု ကလေးငယ်က တီးတိုးလေသံဖြင့် မေးသည်။ ‘ဥက္ကာပျံတွေ ကြွေတာလေ။ ဩဂုတ်လရဲ့ ညတွေမှာ ဒီလိုပဲ ဥက္ကာပျံတွေ ကျတတ်စမြဲပေါ့။ သားငယ်ကြည့် ချင်မယ်ထင်လို့ ဖေဖေခေါ်လာတာပဲ။’

မမျှော်လင့်ပဲ တွေ့လိုက်ရသည့် လှပဆန်းကြယ်သော မြင်ကွင်း တစ်ခုမျှသာ ဖြစ်ပေ၏။ သို့သော် ကလေးငယ်ကား အိပ်ရာပေါ်သို့ ပြန်ရောက်ပြီးသည့်နောက် ပြန်၍ အိပ်မပျော်နိုင်တော့။ ငြိမ်သက်နေသော အိမ်ကိုလွှမ်းခြုံ ထားသည့်ညသည် ကြွေကျနေသော ကြယ်တို့၏ တိတ်ဆိတ်သော ဂီတသံတို့ ဖြင့် ပိတ်နေသည်ဟူသော အသိတို့ အာရုံဝင်စားလျက် အမှောင်ထုအတွင်း ငေးစိုက်ကြည့် နေမိသည်။

နှစ်ကာလ မျာစွာ ကျော်လွှားလွန်မြောက် ခဲ့သည့်တိုင် ကျွန်တော် ကား ထိုညကို သိတိရနေဆဲ ဖြစ်၏။ ထိုအချိန်က ကျွန်တော်သည် ခုနစ်နှစ် သားအရွယ်သာ ရှိသေးသည်။ ကျွန်တော့်အဖေသည် ကလေးငယ် တစ်ယောက် အိပ်ရေးပျက်ဖို့ထက် အတွေ့အကြုံသစ် ရရှိရေးက ပိုပြီး အရေး ပါသည်ဟု ယုံကြည်သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကံကောင်းခဲ့ပါသည်။ ငယ်စဉ်ကလေး ဘ၀က ကျွန်တော်သည်လည်း တခြားကလေးများ နည်းတူ ကစားစရာတွေ ရရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်ကား တစ်ခုကိုမျှ သတိမရတော့ပြီ။ မည်သည့် ကစားစရာမှ ကျွန်တော့်စိတ်ထဲတွင် မကျန်ရစ်တော့။ ကျွန်တော့် စိတ်ထဲ ယခုထက်တိုင် စွဲမြဲစွာ သတိရနေသည်များမှာ ကြယ်တွေကြွေသည့်ည၊ ရထားစီးသည့်နေ့၊ မိချောင်းကို အရေဆုတ်ခြင်းနှင့် တကယ် အလုပ်လုပ်သော ကြိုးမဲ့ကြေးနန်း စက်တို့သာ ဖြစ်သည်။ ကျွန်တော်တို့ ကလေးများ တွေ့ရှိသမျှ ကို ခင်းကျင်းပြသခွင့် ပြုသည့် ခန်းမဆောင်ထဲက စားပွဲကိုလည်း သတိရသည်။ ယင်းစာပွဲပေါ်တွင် မြွေအရေ ခွံများ၊ ခရုခွံများ၊ ပန်းပွင့်များ၊ မြှားများ စသည်ဖြင့် ထူးခြားလှပသော အရာများကို ခင်းကျင်းပြသထားသည်။

ကျွန်တော့် အိပ်ရာဘေးတွင် အဖေ ချပေးထားသည့် စာအုပ်များကိုလည်း သတိရသည်။ ယင်းစာအုပ်များသည်း ကျွန်တော့် အသိဥာဏ် မြင်ကွင်းများကို ပုံမှန်အနေအထား သို့ပြန်ရောက်အောင် လုပ်ပေးခဲ့ကြသည်။ တစ်ခါတစ်ရံ ကျွန်တော့် ဘ၀ ကိုပင် ပြောင်းလဲပေးခဲ့သည်။ တစ်ခါတော့ အဖေက ကျွန်တော့်ကို Zuleika Dobson အမည်ရှိ စာအုပ် တစ်အုပ်ကိုပေးသည်။ ထက်စ်ဘီယာဘွန်း၏ ဂန္တ၀င် ၀တ္ထုဖြစ်ပါသည်။ ယင်းဝတ္ထုတွင် အောက်စ်ဖို့တက္ကသိုလ်ရှိ ကျောင်းသားဘ၀ကို ရေးဖွဲ့ထားသည်။ ကျွန်တော်က ယင်းစာအုပ်ကို သဘောကျကြောင်း ပြောသည့်အခါ ‘ အဲဒီနေရာကို မင်းကိုယ်တိုင် သွားဖို့ ဘာကြောင့် မစဉ်းစားတာလဲ’ ဟု အဖေကပြန်ပြောပါသည်။ နောက်နှစ် အနည်းငယ် ကြာသော် ကံကောင်းခြင်းကြောင့် တစ်ကြောင်း၊ အောက်စ်ဖို့တက္ကသိုလ်သို့ ကျွန်တော် ရောက်သွားပါတော့သည်။

ကျွန်တော့်အဖေတွင် အရည်အချင်း ကောင်းတစ်ခုရှိသည်။ သူ၏ သားသမီးများအတွက် တံခါးပေါက်တွေ ဖွင့်ပေးတတ်သော အရည်အချင်း ဖြစ်ပါသည်။ သူ၏ သားသမီးများကို အသစ်အဆန်း နယ်မြေအတွင်းသို့ ခေါ်ဆောင်သွားတတ်သည့် အရည် အချင်း ဖြစ်ပါသည်။ ကလေးငယ် တစ်ယောက်၏ လောကအတွင်းသို့ နယ်သစ်ပယ်သစ်များ သွတ်သွင်း ပေးခြင်း အလုပ်သည် အချိန်များများ လိုအပ်သည့် အလုပ်မျိုး မဟုတ်ပါ။ ကလေးများမိမိနှင့် အတူ လုပ်ဆောင်ခွင့် ပေးဖို့သာ လိုအပ်သည်။ ကျွန်တော့်အသိ အမျိုးသမီးတစ်ယောက် တွင် မှတ်စုစာအုပ် တစ်အုပ်ရှိ၏။ ယင်းစာအုပ်ကို ‘ဘာကြောင့်မလုပ်ရမှာလဲ’ ဟူသောခေါင်းစဉ် ပေးထားသည်။ ယင်းမှတ်စု စာအုပ်အတွင်း ၌ ထုံးတမ်း စဉ်လာမဟုတ်သော စိတ်ဝင်စားဖွယ် အကြံပေးချက်များကို ရေးမှတ်ထားသည်။ ‘ကလေးတွေကို ရဲစခန်းခေါ်သွားပြီး လက်ဗွေနှိပ်တာမျိုး ဘာကြောင့် မလုပ်ရမှာလဲ’ စသည် စသည်ဖြင့်။

သည်စိတ်ကူး ကို ဘယ်ကရခဲ့တာလဲဟု ကျွန်တော်မေးကြည့်သည်။ ‘ဘယ်ကရခဲ့မှန်း မသိပါဘူး။ ဒါပေမယ့် ကျွန်မငယ်ငယ်တုန်းက ဦးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်လေ’ ဟု သူကပြောသည်။ ယင်းဦးကြီးသည်ကား သူမအတွက် တံခါးပေါက်များ ဖွင့်ပေးခဲ့သူ ဖြစ်ပါသည်။ ယခုအချိန်၌ သူ့သားသမီးများအတွက် တံခါးပေါက်များကို သူဖွင့်ပေးနေသလို ဖွင့်ပေးခဲ့သူဖြစ်ပါ၏။

ကျွန်တော့် အဖေသာမက အဒေါ်တစ်ယောက် ကလည်း အသစ်အဆန်း အလုပ်မျိုးကို အကြံပေးသည့်နေရာတွင် ပါရမီရှင်တစ်ဦး ဟု ဆိုရလိမ့်မယ်။ ‘ခေါင်းနဲ့ထိန်းပြီး ကင်မြီးကောက်ထောင်တတ်လား’ ဟု ကျွန်တော်တို့ ကလေးများကို သူမေးတတ်သည်။ ‘ငါထောင်တတ်တယ်’ ဟုပြောပြီး သူ့စကပ်ကို ဒူးကြားမှာ ညှပ်ကာ ခေါင်းနှင့် ကင်းမြီးကောက် ထောင်ပြသည်။ ‘ဒီနေ့ညနေခင်း ဘာလုပ်ကြမလဲဟေ့’ ဟုသူက အော်ပြောတတ်သည်။ ထို့နောက် သူ့မေးခွန်းကို သူဖာသာ ချက်ချင်းပြန်ဖြေသည်။ ‘ငါတို့ ဗေဒင်ဟောရအောင်ဟေ့’။ သူသည် အမြဲတမ်း အသစ်အဆန်း တစ်ခုကိုလုပ်ရန် အဖော်ညှိတတ်သည်။ ထူးဆန်း သောတံခါး ပေါက်ကိုဖွင့်ဖို့ အဖော်ညှိတတ်သည်။

ဤသို့သော အသစ်အဆန်းအလုပများနှင့် အတူ ကြိုတင်စိတ်ကူးထားခြင်း မရှိသော အရည်အသွေးကောင်းလေးများ ပါရှိလာတတ်သည်။ ယင်းအရည်အသွေး ကောင်းလေးများကား ကျွန်တော်တို့၏ နူးညံ့သော စိတ်ဓာတ်အပေါ်၌ အစဉ်ထာဝရ စွဲကျန်ထင်ရစ် နေသည်။ မှတ်မိပါသေးသည်။ ကျွန်တော်၏ အဒေါ်က ကျွန်တော်တို့ ကလေးတစ်သိုက်ကို မြင်းကလေးတစ်ကောင် စီးရန် စီစဉ်ပါသည်။ ယင်မြင်းကလေးကား တော်တော် ပေကပ်ကပ် နိုင်သည့် မြင်းဖြစ်၏။ ကျွန်တော့်အကို ဖြစ်သူက တက်စီးဖို့ ကြိုးစားရာ သုံးကြိမ်တိုင်တိုင် ခါချခြင်းခံရသည်။ ထိုအခါ အစ်ကိုက သည်မြင်းကပ်ကို စီး၍ရမည်မဟုတ် ဆိုရာ မျက်ရည်လည်ရွဲ ငြင်းဆန်ပါတော့သည်။ ‘လွယ်လွယ်နဲ့စီးလို့ရရင် ဘယ်မှာပျော်စရာရှိပါ့မလဲကွဲ့’ ဟု အဒေါ်က ခပ်ထန်ထန် ပြောသည်။ သူ၏စကားမှာ အမှတ်တမဲ့ ဖြစ်သော်လည်း ကျွန်တော့်မှတ်ဥာဏ်ထဲတွင် ယခုတိုင် စွဲနေပါတော့သည်။

ကလေးငယ် တစ်ယောက်အတွက် အလွယ်ကူဆုံး ဖွင့်ပေးနိုင်မည့် တံခါးပေါက် မှာ မိမိကိုယ်တိုင် ရောက်ချင်သည့်နေရာသို့ ဦးတည်သော တံခါးပေါက်ဖြစ်ပါသည်။ ဆရာကောင်း သမားကောင်းတိုင်း ဤအချက်ကို သိကြသည်။ ထိုပြင် ဆရာကောင်းသမားကောင်းတိုင်း နောက်ဆုံး ဆုလာဘ်ကိုလည်း သိကြသည်။ မိမိက အစပြုပေးလိုက်သော မီးပွါးလေးသည် မီးတောက်မီးလျှံ တစ်ခုအဖြစ်သို့ ကူးပြောင်းပြီး သူ့ဖာသာ ရဲရဲတောက်လောင်ကျွမ်းသွားမည့် ကာလကို သူတို့ သိကြသည်။ လွန်ခဲ့သော နှစ်အတန်ကြာက အမေရိကန်ပြည်ထောင်စု ဂေါက်အသင်းကြီးတွင် ကျစ်ဆံမြီးကလေးနှင့် ဆယ်နှစ်သမီးက အငယ်တန်း ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။ ‘ဂေါက်သီးရိုက်ကစား တာကိုစိတ်ပါဝင်စားခဲ့တာ ဘယ်လောက်ကြာပြီလဲ’ ဟု တစ်ယောက်ကမေးသည့်အခါ ‘ကျွန်မရဲ့ ကိုးနှစ်မြောက်မွေးနေ့မှာ စပြီးရခဲ့တယ်’ ဟု သူကပြန်ဖြေသည်။ ‘မင်းရဲ့ အဖေက ဂေါက်တံတစ်ခု မွေးနေ့လက်ဆောင်ပေးခဲ့တယ်လို့ ဆိုလိုတာလား’ ဟု ထပ်မေးလျှင် ‘မဟုတ်ပါဘူး။ အဖေက ဂေါက်သီး တစ်လုံးပေးတယ်လို့ဆိုလိုတာပါ’ ဟု ပြန်ဖြေသည်။

ကလေးများသည် ပင်ကိုယ်သဘာဝအရ စူးစမ်းလိုစိတ် ရှိကြသည်။ အသစ်အဆန်းကို စမ်းသပ်လိုကြသည်။ သိုသော် သူတို့ဖာသာ တော့ အသစ်အဆန်းကို မရှာဖွေတတ်ကြပါ။ လူကြီးတစ်ယောက်ယောက်က ရှာဖွေရွေးချယ်ပေးရပါမည်။ နှစ်အတန်ကြာက အမေရိကန် ရေဒီယိုတွင် ကလေးများအတွက် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပရာ ကြားရသူအပေါင်းသည် ကလေးတို့၏ ဉာဏ်ထက်ပုံကို တအံ့တဩ ဖြစ်ကြရသည်။ စာရေးဆရာ တစ်ယောက်က ထင်းပြိုင်ပွဲမှ ဉာဏ်ထက်လှသော ကလေးတို့၏ နောက်ခံတွင် မည်သည့်တူညီချက် အကြောင်းအရင်း ရှိမည်နည်းဟု စူးစမ်း လေ့လာခဲ့သည်။ ကလေးတချို့က ဆင်းရဲသော မိသားစုမှဖြစ်၍ တချို့က ချမ်းသာသောမိသားစုမှ ဖြစ်သည်။ တစ်ချို့က နာမည်ကြီး စာသင်ကျောင်းများမှ ဖြစ်၍ တစ်ချို့က မထင်ရှားသောကျောင်းများမှ ဖြစ်သည်။ သို့သော် ဆက်လက်စုံစမ်း သည့်အခါတွင် ယင်းကလေးငယ်တိုင်း၌ ကလေးငယ်၏ စိတ်ဓာတ် ခွန်အားကို တိုးမြှင့်ပေးသည့် မိဘများ ရှိကြောင်း တွေ့ရသည်။ ယင်းမိဘများသည် ကလေးငယ်တို့ ၏ စိတ်ဝင်စားမှုများကို ဂရုတစ်စိုက် စောင့်ကြည့်ပြီး အားပေးကြသည်။ အောင်မြင်မှုအပေါ် ချီးမွမ်းကြသည်။ မေးခွန်း ပဟေဠိများ ထုတ်ပြီး အဖြေရှာသည့် ကစားနည်းများကို ဖန်တီးကြသည်။ ကလေးငယ်တို့ သင်ယူလေ့လာရေးအတွက် အထောက်အပံ့များ ရရှိအောင် အသစ်အဆန်း များပြုလုပ်ကြသည်။ ကလေးငယ်တိုတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ရည်များ ထွက်ပေါ်လာစေရေးအတွက် မိဘတို့၏ ချစ်ခင်ကြင်နာမှု လိုအပ်ပါသည်။ ကလေးတို့ အပေါ် စိတ်ပါဝင်စားမှု ဂရုထားမှု လိုအပ်ပါသည်။ ကလေးတို့နှင့် အတူတကွ ပူးပေါင်းမှု လိုအပ်ပါသည်။

ကျွန်တော့်တွင် မိတ်ဆွေ တစ်ယောက် ရှိသည်။ စိတ်ရောဂါကု ဆရာဝန်ဖြစ်ပါသည်။ သူက လောကတွင် အခြေခံအားဖြင့် လူနှစ်မျိုး သာရှိကြောင်း တစ်မျိုးက လူ့ဘ၀ကို အခွင့်အလမ်းအဖြစ် ရှု့မြင်တတ်ပြီး တစ်မျိုးက အခက်အခဲပြဿနာ အဖြစ် ရှု့မြင်ကြောင်း ပြောပါသည်။ ပထမ လူတန်းစားများသည် စိတ်ဓာတ်ထက်သန်ကြသည်။ ခွန်အားရှိကြသည်။ ထိတ်လန့် တုန်လှုပ်မှုကို ခံနိုင်ရည်ရှိကြသည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ကြသည်။ ဒုတိယ လူတန်းစားသည် သံသယနှင့် ပြည့်နှက်နေသည်။ တွန့်ဆုတ် တုံ့ဆိုင်း ကြသည်။ ပထမ လူစားအတွက်ကား ဘ၀သည် စိတ်လှုပ်ရှားဖွယ်အတိ။ မျှော်လင့်ချက်တွေ အပြည့်ဖြစ်ပါ၏။ ဒုတိယ လူတန်းစားအတွက်ကား ဘ၀ဟူသည် ချုံခိုတိုက်ခိုက် ခံရခြင်းဖြစ်ပေတော့သည်။ ‘ခင်ဗျားရဲ့ကလေးဘ၀ ဘယ်လိုရှိခဲ့တယ်ဆိုတာ ကျွန်တော့်ကို ပြောပြပါ။ ခင်ဗျားဘယ်လို လူစားလဲဆိုတာ ကျွန်တော်အတပ် ပြောမယ်’ ဟုကျွန်တော့် မိတ်ဆွေက ပြောပါသည်။

ကလေးများအတွက် တံခါးပေါက်များ ဖွင့်လှစ်ပေးခြင်း၏ တကယ့်ရည်ရွယ်ချက် မှာ ကလေးငယ်တို့၏ တကယ့် ရည်ရွယ်ချက်မှာ ကလေးငယ်တို့၏ အာရုံကို လှည့်ပြောင်းဖို့ မဟုတ်သကဲ့သို့ လူကြီးမိဘများ ပျော်ရွှင်မှု ရရှိဖို့လည်း မဟုတ်ပါ။ ဇွဲလုံ့လများ၊ သတ္တိဗျတ္တိများ၊ ခွန်အားများ လိုအပ်သည့် ရှုပ်ထွေးခက်ခဲသော ဘ၀ရှင်သန်မှု လုပ်ငန်းရပ်ကြီးအတွက် စိတ်အားထက်သန်ပြီး အများတကာနှင့် ပူးပေါင်းဆက်ဆံလိုသည့် စိတ်နေသဘောထား မျိုးတည်ဆောက်ဖို့သာ ဖြစ်သည်။ စင်စစ် ဤသည်ပင် နောက်မျိုးဆက်သစ် အတွက် အဖိုးအထိုက်တန်ဆုံး အမွေ ဖြစ်ပါလိမ့်မည်။ ယင်းအမွေသည် ငွေကြေးဓနလည်း မဟုတ်ပါ။ အိုးအိမ်တိုက်တာလည်း မဟုတ်ပါ။ စူးစမ်းနိုင်စွမ်းသာ ဖြစ်ပါသည်။ ကျေးဇူး သိတတ်မှု သာ ဖြစ်ပါသည်။

ကျွန်တော်တို့သည် ယင်းအကောင်းဆုံး အမွေကို ချန်ထားရစ်နိုင်အောင် အဘယ်ကြောင့် မကြိုးစား ကြလေသနည်း။ သောရိုးပြောသကဲ့သို့ ကျွန်တော်တို့၏ ဘ၀သည် အရေးမကြီးသော နုပ်နုပ်ဖွဲဖွဲ ကိစ္စများဖြင့် အချိန်ကုန်နေကြသောကြောင့် ဖြစ်ရာသည် သတိတရား ကင်းမဲ့ခြင်း အတ္တစွဲကြီးလွန်းခြင်း နှင့် ခွန်အားချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ရာသည်။

သို့တိုင် သားသမီးများ၏ အရေးကိစ္စနှင့် ပတ်သက်ပြီး အထူးအလေးထားသူတို့ အတွက် အခက်အခဲများ စိန်ခေါ်မှုများ အမြဲရှိနေတတ်ပါသည်။ ယင်းစိန်ခေါ်မှုများကို မည်သူမှ အပြည့်အ၀ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိပါ။ သို့သော် အခွင့်အလမ်းများလည်း အဖန်တလဲလဲ ပေါ်ပေါက်လာနေမြဲပင်။ ငယ်စဉ်က ကျွန်တော် တွေ့ကြုံခဲ့ရသည့် ကြယ်တွေကြွေသည့် ညမှစ၍ ယခုအထိဆိုလျှင် နှစ်ပေါင်းများစွာ ကျော်လွန်ဖြတ်သန်းသွားပါပြီ။ သို့သော် ကမ္ဘာမြေကြီးကား လည်ပတ်မြဲ လည်ပတ်လျက်ရှိပါ၏။ နေလည်း ၀င်မြဲ ထွက်မြဲရှိပါ၏။ ညအမှောင်သည်လည်း ပြောင်းလဲခြင်း ကင်းသော ပင်လယ်ပြင်ကြီးအပေါ် လွှမ်းခြုံမြဲ လွှမ်းခြုံလျက် ရှိပါ၏။ လာမည့်နှစ် ကြယ်တွေ ကြွေမည့် ဩဂုတ်လတွင် ကျွန်တော့်သား ခုနစ်နှစ်ပြည့်ပါမည်။

မောင်သာမည
(မူရင်း- The Night The Stars Fell By Author Gordon)

No comments:

Post a Comment